တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

ပုသိမ်      အောက်တိုဘာ     ၁ 

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တောင်သူများ၏ စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများရှိခဲ့ပါကြောင်းနှင့် ထိုသို့နစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဒုတိယအကြိမ်မျိုးစပါးများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ ရေကြီးနစ်မြုပ်စိုက်ဧကများအား ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးအဖွဲ့အပြင် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များကလည်း လိုအပ်သည့်မျိုးစပါးများအား တောင်သူများကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ် ပျက်စီးစိုက်ဧကများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိပါက တိုင်းဒေသကြီး၏ စိုက်ဧကများ လျော့နည်း၍ စပါးအထွက်နှုန်းများလျော့ကျမည်ဖြစ်သောကြောင့် မိုးစပါးစိုက်ရာသီအမီ အချိန်မီကုစားပြန်လည်စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ယခုကဲ့သို့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများအား ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဝယ်ယူကြိတ်ခွဲတင်ပို့သူ သွင်းအားစုအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍  စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများပြန်လည်စိုက်ပျိုးနိုင်ရေးဝယ်ယူကြိတ်ခွဲတင်ပို့သူများမှ မျိုးစပါးများ ပေးအပ်လှူဒါန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်ဝယ်ယူကြိတ်ခွဲတင်ပို့သူများမှ မျိုးစပါးများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုအစုအဖွဲ့များမှ ရက်(၉၀)မျိုးစပါးနှင့် သီးထပ်ရင်မျိုးစပါး ပထမအကြိမ်နှင့် ဒုတိယအကြိမ် 
စုစုပေါင်း တင်းပေါင်း နှစ်သောင်းငါးထောင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

01-Oct-2024