ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားတက်ရောက်

ပုသိမ်      အောက်တိုဘာ     ၁ 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အောက်တိုဘာလ(၁)ရက်နေ့သည် ကမ္ဘာပေါ်တွင်ရှိသည့် သက်ကြီးရွယ်အိုများ၏ အဖိုးထိုက်တန်မှု၊ နိုင်ငံ့တာဝန်များကျေပွန်ခဲ့မှု၊ ကမ္ဘာကြီးအပေါ် တတ်စွမ်းသမျှ စွမ်းဆောင်နိုင်ခဲ့မှုတွေကို လေးစား၊ တန်ဖိုးထားပြီး ဂုဏ်ပြုကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ ဖြစ်သည်နှင့်အညီ တက်ရောက်လာသူ အဘိုးအဘွားများနှင့်   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဘိုးအဘွားများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအပါအဝင် လူသားအားလုံးအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝခံစားနိုင်စေရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မျှော်မှန်းကာ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများကို ကမ္ဘာနှင့်အဝှမ်းနှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားအတွက်ကုလသမဂ္ဂအဖွဲ့ကြီးကချမှတ်ထားသည့်ဆောင်ပုဒ်သည် “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး”“Ageing with Diginity: The Importance of Strengthening Care and Support Systems for Older Persons Worldwide” ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားထိုက် ဂုဏ်ပြုတိုက်သူများအဖြစ် တန်ဖိုးထားပြီး ယခုကဲ့သို့ အခမ်းအနားကျင်းပပေးရုံ သက်သက်မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များ၏ဘဝ လုံခြုံမှုရှိစေရေး၊ ယင်းတို့၏ လုပ်ကိုင်နိုင်သော စွမ်းအားကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှာ အသုံးပြုနိုင်ရန်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးများကို ဆောင်ရွက်သွားကြရန်နှင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်ကြမည့် မျိုးဆက်သစ် လူငယ်များနှင့် သက်ကြီးပုဂ္ဂိုလ်များအကြား လိုအပ်ချက်များကို အပြန်အလှန်ဖြည့်ဆည်းပေးခြင်း၊ သက်ကြီးပုဂ္ဂိုလ်များ အားလုံးကို လေးစားစွာဆက်ဆံခြင်း၊ ပြုစုစောင့်ရှောက်ခြင်း အစရှိသည့် မြန်မာ့ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာခြင်း၊ သက်ကြီးပုဂ္ဂိုလ်များကို စောင့်ရှောက်ရာ၌ မိသားစု၏ အခန်းကဏ္ဍသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည့်အတွက် ယင်းကောင်းမွန်သော ဓလေ့များကိုမျိုးဆက်သစ် လူငယ်များအနေဖြင့် လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းပေးရန်နှင့် ပြုစုစောင့်ရှောက်မည့် မိသားစုဝင်များမရှိသည့် သက်ကြီးပုဂ္ဂိုလ်များလည်း နိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် စောင့်ရှောက်ကြရန်လိုပါကြောင်း”ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး  အခမ်းအနားသို့တက်ရောက်လာသော ဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက  ကန်တော့ငွေနှင့် လှူဒါန်းပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီးနောက် ဘိုးဘွားရိပ်သာ တာဝန်ခံများအား ငွေပဒေသာပင်အလှူငွေများ ဆက်လက်လှူဒါန်းပေးအပ်ခဲ့ကာ  ပူဇော်ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသော ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

01-Oct-2024