ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နှစ်(၆၀)ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

ပုသိမ်      အောက်တိုဘာ     ၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  “၂၄နာရီ ရဲဇာနည်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“  ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုသည့် အမည်ကို စတင်ပြောင်းလဲခဲ့ပြီး အသွင်သဏ္ဍာန်ရောအနှစ်သာရပါ ပြောင်းလဲလာအောင် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ နှစ် ၆၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက်အလက်ဖလှယ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကို အခြေခံပြီး ကိုယ့်ခွန်ကိုယ့်အား ဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်၍  အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် တစ်ရပ်အဖြစ်ခံယူပြီး ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လိုအပ်သောကဏ္ဍများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များမှ ရာနှုန်းပြည့်လုံခြုံရေးဆောင်ရွက်ပေးရန်အတွက် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းကျွမ်းကျင်မှုများအတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများအပြင် အကြမ်းဖက်သောင်းကျန်းသူများအားတပ်မတော်နှင့်ပူးပေါင်း၍ နေ့ညမပြတ် ကာကွယ်စောင့်ရှောက်ကြရန်လိုပါကြောင်း၊  ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျွမ်းကျင်မှု၊ရိုးသားဖြောင့်မတ်မှု၊သမာသမတ်ရှိမှုတို့ဖြင့်  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်း၍ လုပ်ငန်းတာဝန်တွေ အစဉ်ကြိုးပမ်းထမ်းဆောင်သွားကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာအားဆက်လက်ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရဲဗလတံဆိပ်၊ ရဲချုပ်၏ တစ်ဆင့်မြင့်ရာထူးတိုးနှင့် အမှုထမ်းကောင်းလက်မှတ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး တို့ကရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း  ဆုများအသီးသီးချီးမြှင့်ခဲ့ကြရာ ဆုရရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဇာတိမာန်သီချင်းသီဆိုဖျော်ဖြေရုပ်သိမ်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

01-Oct-2024