တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကြည့်ရှုအားပေး

ပုသိမ်      အောက်တိုဘာ     ၁ 

၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်(၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆)ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း(၁၀၂၂) ဖွဲ့၊ စာရင်းစစ်(၁၁၅၀)ဦး၊ စာရင်းကောက်(၄၃၂၈)ဦး စုစုပေါင်း(၅၄၇၈)ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ ၄၂၆ဦးတို့ဖြင့် ရပ်ကွက် ကျေးရွာအသီးသီးတွင် တပြိုင်နက်ကောက်ယူလျက်ရှိရာ ထိုသို့ကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ 

ဦးစွာ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ပုသိမ်မြို့၊ ဝန်ကြီးများအိမ်ရာဝန်းအတွင်းစတင်ကောက်ယူခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များမှစာရင်းကောက်အဖွဲ့များ၏ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက် မေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်( ၃ )ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်များရှိ နေအိမ်များ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက   သန်းခေါင်စာရင်းကောက်ယူနေမှုများကို  လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စာရင်းများမှန်ကန်မြန်ဆန်စွာကောက်ယူနိုင်ရေး၊ အချက်အလက်များ အမှားအယွင်းမရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

01-Oct-2024