ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ အထောက်အကူပြုအဖွဲ့များ၊ ပုသိမ်မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သန်းခေါင်းစာရင်းကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်သင်းတန်းသား၊ သင်တန်းသူများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများဖွင့်လှစ်ခဲ့ပြီး ယနေ့တွင်လက်တွေ့ကောက်ယူ ခြင်းများနှင့် သင်တန်းဆင်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအပြင် အထောက်အကူအဖွဲ့များလည်းများစွာ ပါရှိပါကြောင်း၊ စက်တင်ဘာလ ၃၀ရက်နေ့တွင် ကြိုတင်ကောက်ယူရမည့် သူများနှင့်ပတ်သက်၍  သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အင်အားများကိုလည်း ရယူကြရမည်ဖြစ်ပြီး စုဖွဲ့မှုကောင်းကောင်းဖြင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်သည့် မေးခွန်းများကို ပြည့်စုံစွာမေးမြန်းဖြေဆိုနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်နိုင်ရေး၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံအသုံးပြုရမည့် လူဦးရေဆိုင်ရာအချက်အလက်၊ ကိန်းဂဏန်းများရရှိရန် ဆောင်ရွက်ခြင်းဖြစ်သဖြင့်  အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ကာလအတွင်း ရရှိသည့်အချိန်ပေါ်တွင်မူတည်၍ ဆောင်ရွက်ရသည်ဖြစ်၍ အောင်မြင်စွာကောက်ယူကြရမည်ဖြစ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအား သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အားလုံးပါဝင်စေရေးနှင့် အခက်အခဲများရှိပါကလည်းတင်ပြဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက သန်းခေါင်စာရင်းကောက်ယူရေးအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် အစီအမံများအားလည်းကောင်း၊ တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူးက  သန်းခေါင်းစာရင်းကောက်ယူရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီမံဆောင်ရွက်ထားရှိမှုများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအား ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၂၆ မြို့နယ်၊ ရပ်ကွက် ၃၀၂ ရပ်ကွက်၊  ကျေးရွာအုပ်စု ၁၉၂၀အုပ်စုရှိပြီး အိမ်ထောင်စုကောက်ကွက်ပေါင်း ၁၄၂၉၆ ကွက်၊ စာရင်းကောက်အဖွဲ့ပေါင်း ၁၀၂၂ ဖွဲ့၊ စာရင်းစစ် ၁၁၅၀ ဦး၊ စာရင်းကောက် ၄၃၂၈ ဦး စုစုပေါင်း ၅၄၇၈ ဦးဖြင့် ကောက်ယူသွားမှာဖြစ်ကြောင်းသိရသည်။

28-Sep-2024