ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလမဟာသံဃိတဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲတက်ရောက်

ဝီသတိမ(၂၀)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။ 

ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၆၀)တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်(၂၅၀၃)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ လောင်းလှူပူဇော် ခဲ့ကြပြီးနောက် ဝါတွင်းကာလ ဝီသတိမ(၂၀)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့မှ “နမောတဿ”(ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော် ဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆွမ်းအာဟာရအလှူရှင် အနုမောဒနာဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်း အနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး၊ အစိုးရအဖွဲဝင်ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပုသိမ်မြို့၊ဝီသတိမ(၂၀)ကြိမ်မြောက် မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကို ဝါတွင်းကာလတစ်လျှောက် စေတနာရှင်အလှူများမှ နေ့စဉ် လောင်းလှူသွားမှာဖြစ်ကြောင်းသိရသည်။

23-Jul-2024