ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၂ ရက်နေ့က မြန်အောင်ခရိုင်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များများထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အားကစားရုံ၊ ယာယီရေဘေးရှောင်စခန်းရှိ ရေ ဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက်၊ ဆေးဝါးများစသည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲပြီး ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ရေဝင်ရောက်မှု၊ သီးနှံများရေကြီးနစ်မြုပ်မှု၊ ထိခိုက်မှု၊ ပျက်စီးမှုနှင့် ပြန်လည်စိုက်ပျိုးမှု အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေပြန်လည်ကျဆင်းပါက သီးနှံများအမြန်ဆုံးစိုက်ပျိုးနိုင်ရေးမျိုးစေ့များအဆင်သင့်သိုလှောင်ထားရှိရန်၊ အချိန်မီစိုက်ပျိုးပြီးစီးရန်နှင့်အောင်မြင်ဖြစ်ထွန်းစေရေးအစီအမံများဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မြန်အောင်တာမိုင်  ၄/၀ အနီးတွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးပြီးသီးနှံများ၏ ရေကြီးနစ်မြုပ်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေပြန်လည်ကျဆင်းသည်နှင့် သီးနှံများအမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးဌာနဆိုင်ရာများ၊ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ယာယီရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့်ရေသန့်ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍အားပေးစကားများပြောကြားခဲ့ပြီး ကျန်းမားရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝတိံသာဘုရားကြီးအားဖူးမြော်ကြည်ညိုခဲ့ပြီး ဂေါပကအဖွဲ့ထံသို့အလှူငွေများလှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။

22-Jul-2024