ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်တလျောက် မြစ်ရေဝင်ရောက်သည့်မြို့များအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ဇူလိုင်လ ၁၉ ရက်နေ့နံနက်ပိုင်းတွင် မြစ်ကမ်းဘေးရှိမြို့များ၌ မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မအူပင်ခရိုင် ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက် ၁၇ လမ်းရှိ မြစ်ကမ်းပါးနိမ့်ကျမှုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် ကျောက်ပြားကပ်တမံနှင့် လမ်းကမ်နားလမ်း ရေစိမ့်ဝင်မှုအား ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ်ဆုံရာဖြစ်ပြီး စိုးရိမ်ရေမှတ် ၂၂ပေထက်ကျော်လွန်ပြီး အန္တရာယ်ရေမှတ်သို့ရောက်ရှိနေသော်လည်း အန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေမရှိကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူအချိန်ပြည့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပြီး ဓနုဖြူမြို့နယ် အမှတ် (၄)ရပ်ကွက်တွင် ဧရာဝတီမြစ်ရေတက်ရောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ၃၀.၉ပေရောက်ရှိနေပြီး အန္တရာယ်အခြေအနေမရှိနိုင်ကြောင်း၊ ယခုရက်ပိုင်းတွင် မြစ်ရေတက်ရောက်မှုမှာ ပုံမှန်အနေအထားဖြစ်သောကြောင့် နောက်ရက်များတွင် ရေပြန်လည်ကျဆင်သွားနိုင်ကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအားရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အသင့်စုဖွဲ့ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဇလွန်မြို့နယ် ကျုံရှကျေးရွာတွင် ဧရာဝတီမြစ်ရေတက်ရောက်မှုအခြေအနေများအား သွားရောက်စစ်ဆေးရာ လက်ရှိရေမှတ်သည် ၄၁.၂၀ ပေသို့ ရောက်ရှိနေပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကူညီကယ်ဆယ်ရေးအသင့် စုဖွဲ့ထားရှိမှုနှင့် ရေပေါက်ထူးပေါက်များရှိလာပါက ဆောင်ရွက်မည့်အစီအမံများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာတမံများအား အချိန်ပြည့်စောင့်ကြပ်စစ်ဆေးကြရန်နှင့် အန္တရာယ်ရှိလာနိုင်ပါက ကြိုတင်သတင်းပို့ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကာ ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်း၊ ဆန်တန်းရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်နှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု ငှက်ပျောတောကျေးရွာရှိ ရေမြုပ်နေသောအိမ်များအား လှည့်ပတ်ကြည့်ရှုကာ ငှက်ပျောတောဘုန်းတော်ကြီးကျောင်းတွင် ဘေးသင့်အိမ်ထောင်စု (၆၀)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်၊ ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ၊ ရေသန့်ဆေးကဒ်နှင့် ရေသန့်စက်တစ်လုံးထောက်ပံ့၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက တရိစ္ဆာန်များအန္တရာယ်ကင်းနေရာများသို့ ပြောင်းရွှေ့နေရာချထားရေး၊ အစာကျွေးရာတွင်ဂရုပြုရမည့်အချက်များအားလည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရေသန့်ဆေးပြားများဖြန့်ဝေပေးပြီး စနစ်တကျအသုံးပြုစေရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသဖွံဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ရေဘေးသင်ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ဆောင်ရွက်ရန်၊ ရေကြီးမှု၏နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးဂရုစိုက်​ကြရန် ၊ ရေသန့်ဆေးပြားများ ဖြန့်ဝေပေးပြီး စနစ်တကျအသုံးပြုစေရေးနှင့် အရေးပေါ်ဆက်သွယ်ရေးဖုန်းလိုင်းများ အချိန်နှင့်တပြေးညီ အချိတ်အဆက်မိစေရေး လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ရေလဲကျေးရွာအုပ်စု၊ ပေါ်သစ်သောင်ကျေးရွာမှ နွား(၃၄)ကောင်၊ မြင်း(၁)ကောင်၊ ဝက်(၁) ကောင်အား တရိစ္ဆာန်အသက်ကယ်ကုန်းတွင် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိရစ္ဆာန်များပိုးမွှားအန္တရာယ်နှင့်ရာသီဥတုဒဏ်ခံနိုင်ရေး၊အစာရေစာသန့်ရှင်းစေရေး၊အမိုးအကာများ စိတ်ချလုံခြုံမှုရှိစေရေးပြောကြားပြီး တရိစ္ဆာန်အစာအိတ်များလိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင် ငါးသိုင်းချောင်းမြို့ရှိ ငဝန်တာတမံနေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ငဝန်မြစ်ရေသည်ငါးသိုင်းချောင်းမြို့တွင် တာတမံအမြင့်မှာ၃၆ပေ ရှိပြီး စိုးရိမ်ရေမှတ်ကို ၂၈ ပေသတ်မှတ်ထားရာ ယနေ့ညနေ၄နာရီအချိန်တွင် ၂၉.၅၀ပေသို့ရောက်ရှိနေကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအသင့်စုဖွဲ့ထားရှိမှု၊ တာတမံများအရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေကြီးမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ကြရန်၊ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများ ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

19-Jul-2024