ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၂၀၀)နှင့် သီလရှင်စာသင်တိုက်တို့အား တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာန နာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက)  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ဝါဆိုသင်င်္ကန်း ၊ သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်နှင့်ဆီ လှူဖွယ်ဝတ္ထု ပစ္စည်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးသုံးပါးနှင့် တိုင်းမှူး၏ ဇနီးက သီလရှင်ဆရာကြီးနှစ်ပါးတို့အား သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေ ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊  သီလရှင်ကျောင်းများရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များသို့ ဝါဆိုသင်္ကန်း ၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်၊ ဆီများလှူဒါန်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

18-Jul-2024