ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အရိယာဗိမ္မာန်တော်ကြီးတွင် ဝါဆိုသင်္ကန်းနှင့် လျှပ်စစ်မီးလှူဒါန်းပူဇော်ခြင်းအခမ်းအနားတက်ရောက်

၁၃၈၆ခုနှစ်၊ ဝါဆိုလဆန်း(၁၃)ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သဲအင်းဂူဝိပသနာ တရားပြရိပ်သာကျောင်းတိုက် အရိယာဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်း နှင့် လျှပ်စစ်မီးလှူဒါန်းခြင်း အခမ်းအနားအား ဇူလိုင်လ ၁၈ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မဟာကမ္မဋ္ဌာနာစရိယ ရန်ကုန်မြို့လုံးဆိုင်ရာသဲအင်းဂူ ဝိပဿနာတရားပြရိပ်သာကျောင်းတိုက် ဦးစီးပဓာနနာယကသက်တော်ရှည်ပုသိမ်ရေဆွမ်း ဆရာတော် ဘဒ္ဒန္တသီဟမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်မိသားစုများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် မဟာကမ္မဋ္ဌာနာစရိယ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ နိဂြောဓာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္တိမာမဟာထေရ်မြတ် ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

18-Jul-2024