ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြစ်ရေဝင်ရောက်သည့် မြို့၊ ရွာ များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား စာနပ်ရိက္ခာများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ဧရာဝတီမြစ်နှင့် ငဝန်မြစ်ကမ်းဘေးရှိမြို့ရွာများတွင် မြစ်ရေတက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်တာတမံနေရာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ကြိုတင်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအသင့်စုဖွဲ့ထားရှိမှု၊ တာတမံများအရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေကြီးမှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ကြရန်၊ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများ ဂရုပြုဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေလယ်ကျွန်းရွာမှ နွားများအားဘေးလွတ်ရာ ဆိပ်သာမြို့၊ ရွှေကျွန်းတောကျေးရွာတွင် ပြောင်းရွှေ့နေရာချထားမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး နွားများအတွက်အစာရေစာ၊ ပိုးမွှားအန္တရာယ်နှင့် ရာသီဥတုဒဏ်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန် ကျွဲနွားများမှာ ရေလွတ်ကင်းမှုရှိပြီး ယာယီအမိုးအကာပြုလုပ်ထားရှိပေးရန် မှာကြား၍ ရွှေကျွန်းတောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းအား ကြည့်ရှုစစ်ဆေးကာ အရန်ဆန်နှင့် သောက်သုံးရေ စုဆောင်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများအသင့်စုဖွဲ့ထားရှိမှုများနှင့် မြို့မကျွန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများနှင် တိရိစ္ဆာန်များအား ကုန်းမြင့်နေရာများသို့ စက်လှေများဖြင့် ရွှေ့ပြောင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေ့ပြောင်းရာတွင် လူနှင့်တိရိစ္ဆာန်များအန္တရာယ်ကင်းရေးဦးစားပေးဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့၊ မြို့မရပ်ကွက် မြချမ်းသာဓမ္မာရုံတွင် ဖွင့်လှစ်ထားသော ယာယီဘေးရှောင်စခန်းရှိ ဘေးသင့်အိမ်ထောင်စု(၇၅)စုအတွက်  (၅) ရက်စာ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်၍ အားပေးစကကားများပြောကြားခဲ့ကာ ရွာသစ်ရပ်ကွက် ဖိုးရှိုးဆိပ်ကမ်းရှိ ဆည်ဘောင်တွင် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သဲအိတ်များ စုဆောင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော ဘိုးပိုင်အခြေပြုကျောက်စီတမံ၏ အခြေအနေနှင့် မြစ်ရေတိုက်စားမှုဒဏ်ခံနိုင်အားတို့ကိုလည်းကောင်း၊ အမှတ်(၁) ရပ်ကွက် မကျီးစုကျေးရွာရှိ ရေမိုင် ၆/၃ နှင့် ၆/၄ ကြား ဧရာဝတီမြစ်ရေကာတာပြိုကျမှုအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာများမှပြည်သူများမှ ရေထိန်းပမ်းတာနှင့် ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လွန်ဆေးမြိုင်ပန်းခြံအနီးကမ်းပြိုမှုဖြစ်ပွားခဲ့သည့်နေရာနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ မကျီးစု
ကျေးရွာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အမှတ် (၁)ရပ်ကွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အမှတ်(၆)ရပ်ကွက်နှင့် ကနောင်မြို့ ဆုတောင်ပြည့်ဘုရား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံအားလည်းကောင်းယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ဘေးရှောင်ပြည်သူများအား (၅)ရက်စာ စာနပ်ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး ဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၇၆၀၊ တောင်သူဦးရာဇာအောင်၏ လယ်မြေ(၅)ဧကတွင် ပြုလုပ်သော ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားသို့တက်ရောက်ပြီးစပါးစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

15-Jul-2024