နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက  ကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီး ကျေးရွာအုပ်စု၊ ဇီးဖြူစုကျေးရွာရှိ တောင်သူ ဒေါ်နီနီမိုး၏ လယ်မြေ(၅.၀၀)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးကြဲခင်းစနစ်ပပျောက်ရေးအတွက် စနစ်တကျ ပျိုးထောင်ကောက်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာ အုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ Top Dairy Fam နို့စားနွားမွေးမြူရေးခြံတွင် နွားမွေးမြူရေးလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများအား ကြည့်ရှုအားပေးသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ထနီထောင့်ကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)ရေကင်းစခန်း အမှတ်(၁၆) တွင် ရေဘေးကာကွယ်ရေးတာတမံများအခြေအနေနှင့် ရေဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား မအူပင်ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြပြီး ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့်သတိပေး အချက်ပြအလံများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်ငြိမ်းမောင်မှ ကျေးရွာအုပ်ချုပ်ရေးများထံသို့ ပေးအပ်ခဲ့ကာ မီးသတ်ဦးစီးဌာနမှ မိုးရာသီ ရေဘေးရှာ‌ဖွေကယ်ဆယ်သရုပ်ပြမှုနှင့် ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ငါးကြီးဂရက် ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ တောင်သူဦးလှအောင်၏ လယ်မြေ ယခင်နှစ်ကြဲခင်း (၁၆)ဧကတွင် ဆင်းသုခစပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်မျိုး‌ေစ့ချစိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မအူပင်မြို့ တိုးရွှေဝါ ခန်းမတွင် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တောင်သူများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ပန်းတနော်မြို့တွင် ရပ်ဝေးမှလာရောက်၍ ဒေသခံကလေးငယ်များအား ပညာသင်ကြား‌ပေးလျက်ရှိသည့် ပညာရေးဝန်ထမ်းဆရာ/ဆရာမများအား ရပ်ရွာမှစုပေါင်း၍ ဆန်များထောက်ပံ့ပေးခြင်းကို ယခင်နှစ်များမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆင်ပြေအောင်မြင်မှုရှိသည့်အခြေအနေအား ရှင်းလင်းဆွေးနွေးစည်းရုံးပြောကြားခဲ့ရာ မအူပင် ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ တောင်သူများက ၎င်းတို့၏မြို့နယ်၊ ကျေးရွာများတွင်လည်း အလားတူ စုပေါင်းပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း  တစ်ညီတစ်ညွတ်တည်း ဆွေးနွေးသဘောတူဆုံးဖြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တာဝန်ရှိသူများမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်နေသော တောင်သူများအား သွင်းအားစုနှင့် မျိုးစေ့များပေးအပ်ခဲ့သည်။

ထို့နောက် ညောင်တုန်းမြို့ တဇင်ရေကျော်အုပ်စု၊ အသင်းစုကျေးရွာရှိ အာရှသား ငါးမွေးမြူရေးကန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့အား ကုမ္ပဏီရုံးချုပ်မှ အထွေထွေမန်နေဂျာက ငါးမွေးမြူရေးလုပ်ငန်းနှင့် ထုတ်လုပ်ရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဆားမလောက်ကျေးရွာရှိ ပညာရောင်ခြည်စာကြည့်တိုက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျေးလက်စာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်စာစောင်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ပညာရောင်ခြည်စာကြည့်တိုက်အတွက် ထောက်ပံ့ငွေများနှင့် စာအုပ်စာစောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

13-Jul-2024