နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ‌ဆုတောင်းပြည့်ကျေးရွာတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချ ကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကြည့်ရှုအားပေး၊ ကျုံတိုင်းကြီးကျေးရွာ ငါးေမွးမြူေရးကန် ကြည့်ရှုစစ်ဆေး၊ ဓနုဖြူမြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ‌ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်း (၅)ဧကတွင် ဆင်းသုခစပါးမျိုးအား စက်မှုလယ်ယာဦးစီးဌာန၊အမှတ်(၅၇) စက်မှုလယ်ယာစခန်း(ပန်းတနော်)မှ  ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတောင်သူ၏ လယ်မြေတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချ ကိရိယာဖြင့် စပါးစိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့၍ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။  

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာရှိ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးမြင့်သန်း၏  ငါးမွေးမြူရေးကန်ဧက(၁၈၉. ၉၆) ဧက‌ပေါ်ရှိ ငါးမွေးမြူ‌ရေးကန်(၈)ကန်တွင် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း စုစုပေါင်းကောင်ရေ(၉၂၀၀၀) မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြင်းသန်းမှ ငါးမွေးမြူထားရှိမှုအခြေအနေများ၊ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှုများ၊ နှစ်စဉ်ထုတ်လုပ်နိုင်မှု(ပိဿာ)နှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ပါတင်ပို့ရောင်းချနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရေးကိစ္စရပ်များကိုပြန်လည်ဆွေးနွေးခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ဧက (၁၈၀) သို့ သွားရာက်၍ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူမှ နှစ်အလိုက် အုန်းချိုမွှေးစိုက်ခင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ အုန်းချိုမွှေးဘောင်တန်းစိုက်ပျိုးမှုများ၊ အောင်မြင်ဖြစ်ထွန်းမှု၊ အသီးစတင်ရရှိမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းသီးတန်ဖိုးကွင်းဆက်မြင့်မားရေး၊ အုန်းအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး အုန်းချိုမွှေးစိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

12-Jul-2024