ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ ​ရေ​ဘေးကာကွယ်​ရေး​ဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်​ဆေး၊ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအား​ပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၁၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့သွား​ရောက်၍ ဖောင်ဆိပ်ကျေးရွာ ​ရေ​ဘေးကာကွယ်​ရေး​ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်​နေမှုများအား ကြည့်ရှုအား​​ပေးခဲ့သည်။

ဦးစွာ တိုင်း​ဒေသကြီးဆည်​မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူး၊ တိုင်း​ဒေသကြီးမြစ်​ချောင်းများဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ တိုင်း​ဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရေ​ဘေးကာကွယ်​ရေး​ဆောင်ရွက်ထားရှိမှုများ၊ တာတမံအလိုက် ရေကင်းစခန်းများဖွင့်လှစ်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ် ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

ဆက်လက်၍ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေဘေးကာကွယ်ရေး အသိပညာပေး ဆွေးနွေးသရုပ်ပြပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို နှစ်စဉ်မိုးဦးကာလ မြစ်ရေမြင့်တက်လာချိန်များတွင်  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များတွင် ​ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းရေဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှအလေးအနက်ထားဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ဒေသခံပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေဘေးအန္တရာယ်ကာကွယ်​ရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဟင်္သာတခရိုင်အတွင်း ဧရာဝတီမြစ်၊ ငဝန်မြစ်များမှ မြစ်ရေကြီးမြင့်မှု ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာတမံများတွင် ရေကင်းစခန်းများဖွင့်လှစ်ပြီး တာတမံလုပ်သားများဖြင့် စနစ်တကျစောင့်ကြပ်ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါက တာတမံကာကွယ်ရေးနည်းလမ်းများအလိုက်ဆောင်ရွက်ခြင်း၊ တာတမံကာကွယ်ဧရိယာအတွင်းရှိ ဒေသခံပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းများကို အထူးအ​လေးထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများပူး​ပေါင်း၍ ​ရေ​ဘေးကာကွယ်​ရေးလုပ်ငန်းများအား အ​လေးထား​ဆောင်ရွက်​ကြစေလို​ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်  ရေဘေးကာကွယ်ရေးတာတမံများထိန်းသိမ်းကာကွယ်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တာတမံများ၏ အရေးပေါ်အခြေအနေများကြောင့် ပြည်သူများအား ရေလွတ်ရာကုန်းမြင့်သို့  အရေးပေါ်ကယ်ဆယ်ရေးယာဉ်ဖြင့်ရွှေ့ပြောင်းခြင်း၊  ရေပေါက်(ထူးပေါက်) ၊ တာအိ ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း ၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရမည့် နည်းလမ်းများနှင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့​နောက်တိုင်းဒေသကြီးဝန်ကြီးချူပ်က ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အစီအစဉ်အရ လွှင့်ထူရမည့်သတိပေးအချက်ပြအလံများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ပေးအပ်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။

12-Jul-2024