တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအားတက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ပြုလုပ်သည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအား တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဖွင့်လှစ်သည့် သင်တန်းများသည် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်သင်တန်းများဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းများကိုဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်ရရှိရေးကို ပိုမိုမြှင့်တင်ဖန်တီးဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်းဖွင့်လှစ်ပေးလျက်ရှိရာ ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းစသည့် သင်တန်း (၃) မျိုးကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် မိမိတို့၏ဘဝများ သာယာလှပ စေရန် အပင်ပန်းခံ သင်ယူရမည်ဟူ၍ နှလုံးသွင်းပြီး ကြိုးစားသင်ယူသွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများအား အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးထံသို့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈)တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၅)ဦး တက်ရောက်လျက် ရှိပြီး ဟိုတယ်ဝန်ဆောင်မှု သင်တန်းကို စာတွေ့သင်ခန်းစာ ရက်သတ္တ (၁၂)ပတ်၊ ဟိုတယ်ဇုံ များတွင် လက်တွေ့သင်ခန်းစာများကို ရက်သတ္တ (၁၂)ပတ် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအား သင်တန်းကာလ ရက်သတ္တ (၁၈)ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်ပေးပြီး ရက်သတ္တ(၄)ပတ်အား လုပ်ငန်းခွင်အကြို မော်တာစက် နင်းနည်း၊ စက်မှုဘာသာရပ်၊ လက်မှုဘာသာရပ်များ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

06-May-2024