ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပိုက်ကျော်ခြင်းအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ် ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ပိုက်ကျော်ခြင်း အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်များအနေဖြင့် ထူးချွန်သည့် အားကစားသမားများ ဖြစ်အောင် ကြိုးစားပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန် ” အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလား (၂၆)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် အမျိုးသမီးလေးယောက်တွဲ ငပုတောမြို့နယ်အသင်းနှင့် ပန်းတနော်မြို့နယ် အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား (၃၁၂)ဦးဖြင့် (၆.၅.၂၀၂၄)မှ(၁၀.၅.၂၀၂၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

06-May-2024