ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြုစစ်ရေးပြတပ်ခွဲက အလေးပြုပြီးနောက် နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် မီးသတ်တပ်ဖွဲ့ သစ္စာဓိဌာန် (၄) ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေးရှိ “ဇိနတ်အစ္စလာမ်” အမျိုးသမီးကျောင်းတွင် မြန်မာတစ်ပြည် လုံးတွင်ရှိသည့် မီးသတ်အဖွဲ့အစည်းများသည် ပထမအကြိမ်စေတနာ့ဝန်ထမ်း မီးသတ် အစည်းအရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ကို အစွဲပြု၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့ရာ (၇၈)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကြိုတင်စီမံမှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးသည့် ကဏ္ဍများကို မဟာဗျူဟာကျကျဖြင့် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မီးသတ်လုပ်ငန်းသည် စွန့်လွှတ်မှု၊ စွန့်စားမှုများအပြင် အသက်နှင့် ခန္ဓာကိုပေးဆပ်ပြီး ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ် ပါကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရန် မိမိအလုပ်ကို ကျွမ်းကျင်မှုရှိဖို့လိုပြီး ကျွမ်းကျင် အောင်လည်း အကြိမ်ကြိမ်လေ့ကျင့်နေရန်လိုပါကြောင်း၊ “လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှသည် အောင်ပွဲဆီသို့”ဆိုသည့်အတိုင်း လေ့ကျင့်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲ လာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်ရန်၊ နိုင်ငံတကာမီးသတ်တပ်ဖွဲ့ များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန်၊ အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်၊ အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို Men Power, Equipment Power, Technological Power ဟန်ချက်ညီအောင် တည်ဆောက်ကြရမှာ ဖြစ်ပါကြောင်း” ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂုဏ်ပြုစစ်ရေးပြတပ်ခွဲမှ အလေးပြု တန်းဖြုတ်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ မီးသတ် တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုးဆင်း၊ ကြိုးတက်၊ ကြိုးကူးနည်းစနစ်များ သရုပ်ပြခြင်း၊ ဂက်စ်မီးလောင်မှုအား သရုပ်ပြငြိမ်းသတ်ခြင်း၊ မြေငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်စဥ်တွင် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

 

05-May-2024