ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို (၄.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဘော်လီဘောအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား တွေ့ဆုံအားပေးစကားပြောခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ကစားသမားများအား မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲများပြုလုပ်၍ နေရာအလိုက် အကောင်းဆုံး ကစားသမားများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းလိုက်စုဖွဲ့မှုအားကောင်းကောင်းဖြင့် အချိတ်အဆက်မိမိ ဉာဏ်ရည်နှင့် ခွန်အားကို အသုံးပြု၍ ကစားကြရန်လိုကြောင်း၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ရမှာဖြစ်ကြောင်း၊ ရာသီဥတုပူပြင်းသည့် ကာလဖြစ်သဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူနည်းပြ များ၏ လေ့ကျင့်သင်ကြား ပြသပေးမှုများအတိုင်း လိုက်ပါလေ့ကျင့်ကြရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝမှသာ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ကြပါစေကြောင်း”တိုက်တွန်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

05-May-2024