မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ငရုတ်ကောင်း-​ဂေါ်ရီဂျီကျွန်းလမ်း​ပေါ်ရှိ ချောင်းဝတံတားတည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ ရင်ပြင်တော်ဆေးကြောသန့်စင်ခြင်းနှင့် ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် ​စေ​တီ​တော်ကြီး၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဝိုင်းဝန်းပူး​ပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်း-​ဂေါ်ရီဂျီကျွန်းလမ်း​ပေါ်ရှိ ချောင်းဝတံတား၊ တံတားအရှည် (၁၂၈၀) ပေ၊ ယာဥ်သွားလမ်းအကျယ် (၂၄) ​ပေ၊ ​ရေလမ်းကင်းလွတ်အကျယ် (၇၈.၇၄၄) ​ပေ၊ ​ရေလမ်းကင်းလွတ်အမြင့် (၁၂.၂) မီတာ၊ (Bored Pile RC Concrete) အမျိုးအစား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာ​ရေးနှစ်အထိ ရရှိရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဘဏ္ဍာ​ရေးနှစ် လျာထားရန်ပုံ​ငွေ ကျပ်သန်း (၁၂၂၈.၅၀) ဖြင့်​ဆောင်ရွက်မည့် လျာထားလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါတံတားတည်ဆောက်ပြီးစီးမှုမှာ (၉၂.၅ % ) ဆောက်ရွက်ပြီးဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့၊ မူလတန်းကြိုကျောင်းစာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

04-May-2024