ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)စခန်းတို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား ပို့ဆောင်နှုတ်ဆက်

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)တို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား (၁.၅.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ပညာ​ရေးဒီဂရီ​ကောလိပ်​ရှေ့တွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများက သွား​ရောက်နှုတ်ဆက်ခဲ့ကြသည်။

ထို့​နောက် လူရည်ချွန်​မောင်မယ်များသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ ​သွား​ရောက်​လေ့လာရာ လူရည်ချွန်မောင်မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ​နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

ဆက်လက်၍ လူရည်ချွန်​မောင်မယ်များသည် စက်ရုံအတွင်း လှည့်လည်​ကြည့်ရှုလေ့လာခဲ့ကြရာ ခေတ်မှီငါးသားဖောက်စခန်း၊ အသားတိုးငါးမွေးမြူရေးစခန်း၊ Circular Tank စနစ်ဖြင့် ငါးစမ်းသပ်မွေးမြူနေခြင်းနှင့် စပါးခွံလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေခြင်း တို့အား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု​လေ့လာခဲ့ကြပြီး သိရှိလိုသည်များအား ​မေးမြန်းခဲ့ကြသည်။ ထိုသို့ လှည့်လည်​လေ့လာပြီး​နောက် လူရည်ချွန်မောင်မယ်များအတွက် ​ရေးစပ်သီကုံးထားသည့် တေးသီများအား ​လူရည်ချွန်​မောင်မယ်များက ပျော်ရွှင်စွာ သီဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။

ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များသည် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်း​​ဒေသကြီး ဧကာဒသမတန်းနှင့် ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာသွားသည့် လူရည်ချွန်​​မောင်မယ်များအားနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။

02-May-2024