ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)စခန်းသိမ်းမီးပုံပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းသိမ်း မီးပုံပွဲအခမ်းအနားများကို ယနေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်နှင့် ချောင်းသာကမ်းခြေ AZURAဟိုတယ်တို့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့အခမ်းအနားသည် လူရည်ချွန်ကျောင်းသား ကျောင်းသူများ၏ စခန်းသိမ်းမီးပုံပွဲဖြစ်ပါကြောင်းနှင့် မိမိတို့နယ်မြေအသီးသီးကို နှုတ်ဆက်ထွက်ခွာကြရမည်တော့မည် လူရည်ချွန်​ကျောင်းသား၊ ​ကျောင်းသူများအား တိုင်းဒေသကြီး၏ သာယာလှပသောကမ်းခြေတွင် မီးပုံပွဲနှင့်နှုတ်ဆက်ပွဲကို ပြုလုပ်ပေးခြင်း‌ဖြစ်ပါကြောင်း၊ လူရည်ချွန်များသည် ကျောင်းစာတွင်ထူးချွန်ရုံမက ပြင်ပဗဟုသုတစာပေများ၊ အားကစား၊ အနုပညာနှင့် ပေါင်းသင်းဆက်ဆံရေး ကဏ္ဍများတွင်လည်း ဘက်စုံထူးချွန်ထက်မြက်သူများဖြစ်ပါကြောင်း၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လေ့လာရေးခရီးစဥ်များ ​ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အမှတ်ရစရာများ ကျန်ခဲ့မည်ဟုထင်မြင်ပါကြောင်း၊ ယခုကဲ့သို့ သူငယ်ချင်းမိတ်ဆွေသစ်များနှင့် အချိန်တိုကာလလေးတွင် ဆုံဆည်းခွင့်ရပြီး ပျော်ရွှင်မည်ဟုမျှော်လင့်ပါကြာင်း၊ ဘဝတစ်‌ေလျှာက်တွင် အောင်မြင်မှုများရရှိပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်ကြပါ​စေ​ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မီးပုံပွဲအား မီးညှိဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့်အတူ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် မီးပုံပွဲတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ငွေဆောင်)နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းသာကမ်းခြေ AZURAဟိုတယ်​တွင် ပြုလုပ်သည့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)စခန်းသိမ်းမီးပုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများ ပြောကြားခဲ့ကာ မီးပုံပွဲအား မီးညှိဖွင့်လှစ်ပေးပြီးနောက် လူရည်ချွန်မောင်မယ်များနှင့်အတူ မီးပုံပွဲတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များ၏ တေးသီချင်းများဖြင့်သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးနှင့်တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၄ခုနှစ်၊ ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ) စခန်းပိတ်သိမ်းကြောင်းကြေငြာခဲ့ပြီး မီးရှူးမီးပန်းများပစ်ဖောက်၍ လူရည်ချွန်မောင်မယ်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာကပြနှုတ်ဆက်ခဲ့ကြသည်။

30-Apr-2024