၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း (ချောင်းသာ) မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူရည်ချွန်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“လူရည်ချွန်မောင်မယ် များသည် ပုသိမ်မြို့၏ အထင်ကရနေရာများသို့ သွားရောက်လေ့လာလလျက်ရှိရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းသည့် တိုင်းဒေသကြီးဖြစ်ပြီး MSMEsထုတ်ကုန်များသည်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ဖြစ်ပါကြောင်းနှင့် အသေးစားအငယ်စား လုပ်ငန်းများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဆန်နှင့်ဆန်ကွဲများကိုလည်း နှစ်စဉ်ပြည်ပသို့ တင်ပို့လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအပြင် မွေးမြူရေးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ လူရည်ချွန်သည် စာပေထူးချွန်မှု တစ်ခုတည်းမဟုတ်ဘဲ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်တို့မယ်တို့အနေဖြင့် လူရည်ချွန်စခန်း (ငွေဆောင်)နှင့် လူရည်ချွန်စခန်း (ချောင်းသာ)တို့အား အပြန်အလှန်သွားရောက်လေ့လာနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အပန်းဖြေစခန်းများတွင် လာရောက်နေထိုင်စဉ် ကာလအတွင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသိပညာဗဟုသုတအသစ်များလည်း ရှာဖွေဆောင်ရွက် နိုင်ပါစေကြောင်းနှင့် တိုင်းပြည်နှင့် နိုင်ငံတော်အတွက်အားထားရသည့် လူရည်ချွန်မောင်မယ်များ ဖြစ်ကြပါစေကြောင်း ”ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး လူရည်ချွန်မောင်မယ် တစ်ဦးချင်း စီအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ Grade-11 လူရည်ချွန်တစ်ဦးနှင့် Grade-12လူရည်ချွန်တစ်ဦးစီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့်ရင်းရင်းနှီးနှီး နေ့လယ်စာများ အတူတကွသုံးဆောင် ခဲ့ကြကာ တိုင်းဒေသကြီးဂုဏ်ဆောင် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများ၊ တူယဉ်နွှဲပျော်ဂီတပွဲတော် ပထမဆုရှင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအကအဖွဲ့တို့၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများနှင့် လူရည်ချွန် မောင်မယ်များ၏ လာခဲ့ပါလေ ဧရာမြေသီချင်း ဖြင့်သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဒေသထွက်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

29-Apr-2024