ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များ ပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း (ချောင်းသာ) မှ ၂၀၂၄ခုနှစ်၊ လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဦးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် နံနက်ပိုင်းတွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပြီး အလှူငွေများ စုပေါင်းလှူဒါန်းကြရာ ဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ဂေါပကအဖွဲ့က စေတီတော် မြတ်ကြီး၏ သမိုင်းကြောင်းအားရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန်မောင်မယ်များသည် ပုသိမ်မြို့၊ တောရကျောင်းလမ်းရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းမှ တိုင်းဒေသကြီး၏အထိမ်းအမှတ် မြန်မာ့ရိုးရာလက်မှုပညာ ပုသိမ်ထီးလုပ်ငန်းခွင်သို့လည်းကောင်း၊ ပုသိမ်မြို့၊ အမှတ်(၁)ကြိုးတံတားအနီး ပုသိမ်-ချောင်းသာကားလမ်းဘေးရှိ ရွှေမြင်းပုသိမ်ဟာလဝါ၊ သူဌေးမုန့်အရောင်းဆိုင်နှင့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါ လုပ်ငန်းသို့လည်းကောင်း သွားရောက်၍ ဟာလဝါပြုလုပ်ပုံ အဆင့်ဆင့်နှင့် ထုတ်ပိုးနေမှုလုပ်ငန်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများအား စိတ်ပါဝင်စားစွာ လိုက်လံလေ့လာခဲ့ကြသည်။ ထိုသို့ လာရောက်လေ့လာနေကြသည့် လူရည်ချွန်မောင်မယ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ပြီး လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားပျော်ရွှင်စွာ လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်လူရည်ချွန်မောင်မယ်များသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs) လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များနှင့် ဈေးရောင်းပွဲတော်အားကြည့်ရှုလေ့လာခဲ့ကြသည်။

29-Apr-2024