ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်း၊ အလယ်တန်း) အဆင့်နှင့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(၃/၂၃) သင်တန်းသားများအား ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်း၊ အလယ်တန်း) အဆင့်နှင့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(၃/၂၃) သင်တန်းသားများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဆရာ၊ ဆရာမတို့သည် သင်ကြားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများဖြစ်ပြီး ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်း၊ အလယ်တန်း)အဆင့်နှင့် ပညာရေးဘွဲ့(B.Ed)စာပေးစာယူသင်တန်းကို တက်ရောက် နေကြသူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့်လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် အတွက် ပြုစုပျိုးထောင်နေကြသူများဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာမှပင်စနစ်တကျလေ့ကျင့်သင်ကြား ပေးကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန် စခန်း (ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းများကိုလည်း ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ဆရာ၊ဆရာမများသည် အများအကျိုး ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများ၊ ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ ထို့ပြင် ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များအား ဂရုတစိုက်လေ့လာမှတ်သား၍ ပညာရေးကဏ္ဍ တိုးတက်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်အခက်အခဲများ ရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း”တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံ ရယူခဲ့သည်။ ဆက်လက်၍ ပုသိမ်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/ သင်တန်းသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး ခဲ့ကြသည်။

ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်း၊ အလယ်တန်း) အဆင့်သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၁၃၀ဦးနှင့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(၃/၂၃) သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၃၅၅ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

29-Apr-2024