ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၄ ခုနှစ်၊ ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစခန်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ လူရည်ချွန်စခန်း( ချောင်းသာ) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် AZURA ဟိုတယ်၌ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ လူရည်ချွန်မောင်မယ်များက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများပြောကြားရာတွင် ယခုနှစ်ဧရာဝတီတိုင်းဒေသကြီးတွင် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း( ချောင်းသာ) စခန်းနှစ်ခုဖွင့်လှစ်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည်အေးချမ်းသာယာမှုရှိပြီး ချောင်းသာ၊ ငွေဆောင် ကမ်းခြေများသည် ခရီးသည်များအများဆုံးဝင်ရောက်လျက်ရှိသည့် အထင်ကရကမ်းခြေများဖြစ်ပါကြောင်း၊ လူရည်ချွန်သည် စာပေတစ်ခုတည်းမဟုတ်ဘဲ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များဖြစ်ပါကြောင်း၊ လူရည်ချွန်မောင်မယ်မယ်များအနေဖြင့် သက်ဆိုင်ရာစခန်းအသီးသီး၌ နယ်မြှေဟုသုတအသစ်များ ရှာဖွေလေ့လာကြရမည်ဖြစ်ပါကြောင်းနှင့် လူရည်ချွန်မောင်တို့မယ်တို့အနေဖြင့် လူရည်ချွန်စခန်း(ငွေဆောင်)နှင့် လူရည်ချွန်စခန်း( ချောင်းသာ)စခန်းတို့အား အပြန်အလှန်သွားရောက်လေ့လာနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အပန်းဖြေစခန်း၌ လာ‌ရောက်နေထိုင်စဉ်ကာလအတွင်း ကျန်းမာပျော်ရွှင်စွာဖြင့် အသိပညာဗဟုသုတအသစ်များလည်း ရှာဖွေဆောင်ရွက်နိုင်ပါစေကြောင်းနှင့် တိုင်းပြည်နှင့်နိုင်ငံတော်အတွက်အားထားရသည့် လူရည်ချွန်မောင်မယ်များဖြစ်ကြပါစေကြောင်း” အမှာစကားများပြောကြားကာ လူရည်ချွန်အပန်းဖြေစခန်း (ချောင်းသာ) လူရည်ချွန်စခန်းမှူးက လူရည်ချွန်စခန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်/မယ်များအား ရင်ရင်ထိုးတံဆိပ်များအား တစ်ဦးချင်းစီ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။ ဆက်လက်၍ လူရည်ချွန်စခန်းမှူး(ချောင်းသာ)က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်များပေးအပ်ပြီးနောက် (၁၉၆၄- ၁၉၈၈) လူရည်ချွန်ကြီးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများဆက်လက်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ “ မမပုသိမ်သူ” သီချင်းဖြင့်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် လူရည်ချွန်မောင်မယ်များက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ဒွါဒသမအတန်း လူရည်ချွန်စခန်း (ချောင်းသာ) စခန်းဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး လူရည်ချွန်မောင်/မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့၍ နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြောင်းသိရသည်။

28-Apr-2024