ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအားလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ရာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ပုသိမ်ခရိုင်အသင်းမှမြောင်းမြခရိုင်အသင်းအား ၃ပွဲ၁ပွဲဖြင့်လည်းကောင်း အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် မြောင်းမြခရိုင်အသင်းမှ ကျုံပျော်ခရိုင်အသင်းအား ၃ပွဲ၁ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို လူမှုရေးရာဝန်ကြီး၏ ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ ဇနီးတို့ကလည်းကောင်း၊ အမျိုးသားနေရာအလိုက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုတိုင်းဒေသကြီးတရားသူကြီးချုပ်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းအား ပထမဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးပေးအပ်ခဲ့ကြပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ပထမဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

27-Apr-2024