ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြစက်မှုဇုန်တွင် ဆန်စက်လုပ်ငန်းနှင့် လယ်ယာသုံးစက်မှုလုပ်ငန်းများကြည့်ရှု၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စက်မှုဇုန်ရှိ ပွင့်သစ်ကျော်ဆန်စက်သို့ သွားရောက်၍ ဆန်ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများကို ကြည့်ရှုမေးမြန်းခဲ့ပြီး ဆန်စက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး Gasifier ဖြင့်ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လည်ပတ်မောင်းနှင်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ ထိပ်တန်းစက်မှုလက်မှုလုပ်ငန်းသို့သွားရောက်၍ လယ်ယာသုံးထွန်စက် သံယက်ဘီးလုပ်ငန်း၊ ခြွေလှေ့စက်လုပ်ငန်း၊ စက်တုံးလုပ်ငန်း၊ အနိမ့်တင်ရေပန့်လုပ်ငန်း၊ ဆေးမှုတ်လုပ်ငန်း၊ နောက်တွဲယာဉ်လုပ်ငန်းနှင့် စပါးမျိုးစေ့ချကိရိယာ Drum Seeder များ ထုတ်လုပ်တပ်ဆင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာရှိရန် လိုအပ် ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း" တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ရှမ်းကုန်းကွင်းကျေးရွာသို့ရောက်ရှိ၍ တောင်သူဒေါ်ခင်အုန်းမြင့်၏ (၃)သီး စိုက်ဧက (၅)ဧကတွင် ရက်(၉၀)မျိုးစပါးအား စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးနေမှုနှင့် ဆိုလာစနစ်အသုံးပြု မြေအောက်ရေဖြင့်ရေပေးသွင်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

24-Apr-2024