ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက် တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၀.၄.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းက မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ gasifier နှင့် gas engine စနစ်ဖြင့်လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်ရုံတွင် လေ့လာ ပညာသင်ယူနေသည့် ပုသိမ်၊ ဟင်္သာတနည်းပညာတက္ကသိုလ် မှ စက်မှု(Mechanical)၊ မြို့ပြ(Civil)၊ လျှပ်စစ်စွမ်းအား (E.P) နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူတို့က ကြိုဆိုခဲ့ကြသည်။ ထို့နောက် စက်ရုံတွင် Gasifier စနစ်ဖြင့် လျှပ်စစ်စွမ်းအား 12MW ထုတ်လုပ်မှုအတွက် Reactor မီးဖို (၁၂) လုံးတည်ဆောက်ထားရှိပြီး မီးဖိုနှင့်ဆက်စပ် လည်ပတ်မည့် gas engine (၂၄)လုံး အနက် (၁၃) လုံး ရောက်ရှိ တပ်ဆင်ထားမှု၊ ယခုနှစ်မေလကုန်တွင် ရှေ့ပြေးကာလစမ်းသပ်ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အဆင့်ဆင့်ထုတ်လုပ်သွားမည့်အခြေအနေများ၊ အဆင့်မြင့်နည်းပညာများသုံးစွဲထားပြီး ထွက်ရှိလာသည့်ဓာတ်ငွေ့ကို အအေးခံခြင်း၊ (E.S.P/ Electrostatic Precipitator) လျှပ်စစ်အမှုန်ဖမ်းစက်ယူနစ်ဖြင့် ကတ္တရာအမှုန် (Tar) အားဖယ်ထုတ်မှု၊ ဓာတ်ငွေ့တွင်ပါဝင်သည့် ရေမှုန်အားလုံးအား Water Drop Catcher ဖြင့် အပြီးသတ် ဖမ်းယူစစ်ထုတ်ပြီး သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ဆက်လက်ပို့လွှတ်ပြီး လျှပ်စစ်ထုတ်လုပ်သည့်စနစ်၊ Gasifier မီးဖိုမှ ထွက်ရှိဓာတ်ငွေ့များကို အအေးခံရာတွင် Dry Process နည်းစနစ်ကို အသုံးပြုထား၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အထိရောက်ဆုံး ကာကွယ်ထုတ်လုပ်သည့် နည်းစနစ်များ၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပြင် ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံအတွက် Steam Turbine ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှု၊ လုပ်ငန်းများတိုးတက် တပ်ဆင်နေမှုအခြေအနေများ၊ စပါးခွံများစနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED BIO ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်မြောင်းများနှင့် ငါးမွေးကန်များတည်ဆောက်နေမှု၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် ထွက်ရှိငါးများအေးခဲစက်ရုံတွင် အအေးပေးသည့် စနစ်အတွက် စက်ပစ္စည်းများ ထပ်မံရောက်ရှိနေမှု၊ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းတင်ပြခဲ့ပါသည်၊၊

ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဌ ဦးဌေးမြင့်နှင့် ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်း တိုးတက်ပြောင်းလဲလာမှု၊ ရေတွင်းမြောင်းတည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုစခန်း တည်ဆောက်မှုအဆင့်ဆင့်၊ ငါးသားပေါက်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်မှု၊ ခေတ်မီငါးအသား ထုတ်လုပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်မှု၊ ငါးကုန်ကြမ်းတန်(၁၀၀၀)ကျ ပြုပြင်ထုတ်လုပ်မှု အအေးခန်းစက်ရုံတည်ဆောက်မှု၊ ငါးကုန်ချောတန် (၃၀၀၀၀) အေးခဲသိုလှောင်ရုံတည်ဆောက်မှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး(Gasifier)မှ (၁၂)မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀)မဂ္ဂါဝပ်ဖြန့်ဖြူး ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များထံသို့ ရောင်းချနိုင်မည့်အခြေအနေများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ စီမံကိန်းမှ တန်ဖိုးမြှင့်ငါးထွက်ကုန်ပစ္စည်းများအပြင် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှရရှိမည့် ဘေးထွက်ပစ္စည်းများမှတဆင့် စိုက်ပျိုးရေးအထောက်အကူပြု သဘာဝမြေဩဇာ၊ ဇီဝပိုးပြေးဆေးရည်နှင့် Bio Tar မှတဆင့် ဆောက်လုပ်ရေးတွင် အသုံးပြုနိုင်မည့် Waterproofing နှင့် Anti Corrosion အတွက် အသုံးပြုနိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ ထွက်ရှိလာသည့် သီးနှံ၊ သား၊ ငါး၊ ရေထွက်ပစ္စည်းများအား ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ယခုအခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Gasifier စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ လုပ်ငန်းများသည်လည်း အကောင်ထည်ပေါ်လာပြီဖြစ်ပါကြောင်း၊ Gasifier အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် တစ်နှစ်လျှင်ကုန်ကြမ်း စပါးခွံတန်ချိန် (၅) သိန်းကျော် လိုအပ်နေသည့်တင်ပြမှုအတွက် မိမိတိုင်းဒေသကြီးအတွင်း မိုး/နွေစပါး ဧက (၅၂) သိန်းကျော်မှ စပါးခွံများအား စနစ်တကျ ကြိုတင်စုဆောင်းသွားရန်လိုအပ်ကြောင်း၊ ငါးစာတောင့်စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများအနက် ဆန်ကွဲ၊ ဖွဲနု၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်များ၊ ပီလောပီနံ၊ ငါးပေါင်းမှုန့်များမှာ မိမိတို့တိုင်းဒေသကြီးမှထွက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိသည့်အပြင် ဖွဲနုဆီစက်ရုံများ တည်ထောင်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း” မှာကြားခဲ့ပါသည်။

21-Apr-2024