ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကျင်းပ၊ ပုသိမ်စက်မှုဇုန်တွင် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ကောက်စိုက်စက် ထုတ်လုပ်တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ခုနှစ်၊ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ပွားချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ဝန်ကြီးများအိမ်ရာ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ် ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညို ခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ စက်မှုဇုန်သို့သွားရောက်၍ တိုင်းဒေသကြီးတွင်မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြဲခင်းများလျော့နည်းလာစေရန်ရည်ရွယ်လျက် လာမည့် မိုးစပါးရာသီတွင်စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များဖြင့်စိုက်ပျိုးလာစေရန် စက်မှုဇုံများတွင် ဒေသအလိုက် မြေနှင့် မျိုးစပါးများအလိုက် ကိုက်ညီသည့် Drum Seeder များကိုစမ်းသပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မှုများကိုသွားရောက်ကြည့်ရှုအားပေးဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက စပါးမျိုးစေ့ချကိရိယာ ဘီးခွေခြင်း၊ စပါးမျိုးစေ့ချ စည်လုံးအပေါက် ဖောက်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာရှိရန်လိုအပ်ပါကြောင်း၊ မိမိတိုင်းဒေသကြီးတွင် ထုတ်လုပ်အသုံးပြုခြင်းဖြင့်ထုတ်လုပ်မှု သယ်ဆောင်မှုစရိတ် သက်သာခြင်း တောင်သူလိုအပ်ချက်ကိုပြင်ဆင်ပေးနိုင်ခြင်း၊ လိုအပ်သလောက်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန်များ ပူးပေါင်း၍ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ သုတေသနပြု ထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" တာဝန်ရှိသူများအား မှာကြားခဲ့သည်။

18-Apr-2024