ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းအား တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာနှင့် ကျုံပျော်မြို့နယ် ဒိုက်ပျက်ကျေးရွာတို့အား ဆက်သွယ်ထားကာ လမ်းအရှည် ၉‌၆၂၇ပေ၊ အကျယ် ၁၂ပေ၊ ထု၉လက်မရှိ လေးမျက်နှာမြို့နယ်နှင့် ကျုံပျော်မြို့နယ်များမှ အကျိုးပြုကျေးရွာ(၁၆)ရွာ၊ အိမ်ခြေ(၃၂၀၀)၊ လူဦးရေနှစ်သောင်းကျော်အား အကျိုးပြုမည့် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက လမ်းဖွင့်ပွဲအမှတ်တရလက်ဆောင် ပစ္စည်းများအား ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးတွင် ဆောင်ရွက်ပြီးစီးသည့် ခမောက်စု-နွယ်နီရိုးကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား(၂)အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ချဉ်းကပ်လမ်းမြေသားထုထည် ခိုင်မာရေးနှင့် ရေလမ်းကြောင်း စနစ်တကျဖြစ်စေရေးနှင့်ရေရှည်ခိုင်မာမှုရှိစေရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာ တောင်သူဦးမြင့်သိန်း၏ လယ်မြေ ၈ ဧကတွင် နွေစပါး ဧရာတိုးမျိုးထုတ်စိုက်ခင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးထားသည့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်စပါးများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ တောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်ခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်စေရေးမှာကြားခဲ့သည်။

18-Apr-2024