တိုင်းဒေသကြီးဝန်ကြီးချုပ် ဇီဝိတဒါန(အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲနှင့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအခမ်းအနားတက်ရောက်

၁၃၈၆ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားမှူးက ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့ပြီးနောက် ဇီဝိတဒါနဘေးမဲ့လွှတ်မည့် ငါးများထည့်ထားသည့် ဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ထံသို့ တာဝန်ရှိသူများက လက်ဆင့်ကမ်းပေးအပ်ကာ ငါးများကို ငါးဝန်မြစ်အတွင်းသို့ တစ်ပြိုင်တည်း ဘေးမဲ့လွှတ်ကာ ကုသိုလ်ပြုပြီး အခမ်းအနားမှူးက ဆုတောင်း မေတ္တာများပို့သခဲ့ကာ အခမ်းအနားကို “သာဓု”သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။ ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲတွင် ငါးမြစ်ချင်းကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီးကောင်ရေ တစ်သိန်း တို့အား ဇီဝိတဒါ (အဘယဒါန) ကုသိုလ်ပြု လွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ အဘိုး၊အဘွားများအား နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲအား နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျော့ပါးသွားသည့်နောက်ပိုင်း ယခင်နှစ်မှစ၍ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား သာသနာ့ဗိမာန်တွင် ကန်တော့နိုင်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများက စုပေါင်း၍ ကန်တော့ခြင်းဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အတွင်းရှိ ဒေသအသီးသီး၌ အသက်(၁၀၀)ကျော်ဘိုးဘွားများလည်းရှိပါကြောင်း၊ ယနေ့သာသနာ့ဗိမာန်တော်ကြီးတွင် ဘိုးဘွားများအားစုစုစည်းစည်းဖြင့် ကန်တော့ခွင့်ရသည့်အတွက် များစွာဝမ်းသာကြည်နူးမိပါကြောင်းနှင့် ဘိုးဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများကို တစ်ပါတည်းပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူမှုရေးကိစ္စများအပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ဘိုးဘွားများအသက်ရာကျော်ရှည်၍ ဘာသာ၊ သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေကြောင်း” ဆုတောင်းဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ အဘိုး၊ အဘွားတစ်ဦးချင်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ သက်ကြီးပူဇော်ပွဲ အခမ်းအနားအား သာဓုသုံးကြိမ် ခေါ်ဆိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် အဘိုး၊အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ အဘိုး၊အဘွားများအား နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ပုသိမ်မြို့ပေါ်ရှိ အသက်၈၅နှစ်နှင့်အထက်ကိုယ်တိုင်တက်ရောက်နိုင်သည့်အဘိုးအဘွားများနှင့်စက်တော်ရာဘိုးဘွားရိပ်သာမှအဘိုးအဘွားများ စုစုပေါင်း၁၀၀ဦးတို့အား ပူဇော်ကန်တော့၍ ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြပြီး မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်းအိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

18-Apr-2024