ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ် စာစောင်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည်သည်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှပေးပို့သည့် “စာပဒေသာ ဝေဆာစေမည်” ဗီဒီယိုမှတ်တမ်းပြသမှုကို ကြည့်ရှုအားပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များပေးအပ် လှူဒါန်းပွဲတွင် အလှူရှင်အသီးသီးမှ အလှူငွေများနှင့် စာအုပ်စာပေမျိုးစုံ အုပ်ရေ တစ်သောင်းကျော် ပေးအပ်လှူဒါန်းကြပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ယခုလ ၈ ရက်နေ့မှစ၍ မေလ(၁၉) ရက်နေ့အထိ စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား အခြေခံ စာတတ်မြောက်ရေးအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပေးလျက်ရှိပါကြောင်း၊ အလှူရှင်များ လှူဒါန်းသောစာအုပ်စာပေ များသည် အနယ်နယ်အရပ်ရပ်တွင် ရှိသည့် ကျေးရွာစာကြည့်များသို့ ရောက်ရှိသွားပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများမှ ပြည်သူများအနေဖြင့်လည်း ထိုစာအုပ်စာပေများကို ဖတ်ရှုနိုင်မည်ဖြစ်၍ များစွာအကျိုးရှိပါကြောင်း၊ စာပေတွင် ရသစာပေနှင့် သုတစာပေဟူ၍ရှိရာ လူတို့၏ နှလုံးသားအာဟာရ၊ ဦးနှောက်အာဟာရတို့အတွက် စာပေများကို ဖတ်ရှုသင့်ကြပါကြောင်း၊ လူအဖွဲအစည်းတွင် ဉာဏ်ပညာဗဟုသုတပြည့်စုံသူ၊ စောင့်စည်းမှုရှိသူ၊ ရင့်ကျက်တည်ငြိမ်သူတို့ကသာ ရှေ့တန်းမှဦးဆောင်တာဝန်ယူကြရပါကြောင်း၊ ထို့ကြောင့်သုတ၊ ရသ စာပေကောင်းများကို ငယ်စဉ်ကပင် စွဲစွဲမြဲမြဲ ဖတ်ရှုသည့် အလေ့အထ ရှိကြရန်လိုပါကြောင်း၊ အသိပညာမြင့်မားလာအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးကို လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးနေသည့် ခရိုင်၊ မြို့နယ်၊ မြို့အဆင့်ရှိ စာကြည့်တိုက်ပေါင်း (၃၄) တိုက်ရှိပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့်ဖွင့်လှစ်နေသည့် စာကြည့်တိုက်ပေါင်း (၃၂၃)တိုက်ရှိပါကြောင်း၊ ၎င်းဒီစာကြည့်တိုက်များတွင် သုတ၊ ရသစာပေတွေကို ရှာဖွေဖတ်ရှုလိုသူများအား ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆို နေကြပါကြောင်းနှင့် စာပေဝမ်းစာပြည့်မီရေးအတွက် အားလပ်သည့်အချိန်များတွင် စာပေများဖတ်ရှုရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း”အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးမိသားစုက သုတရသစာအုပ် (၂၅၀)အားလှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက လက်ခံရယူကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော သုတရသ စာအုပ် (၅၀၀၀)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ လှူဒါန်းသော သုတရသစာအုပ်(၂၀၀၀)အား ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ လှူဒါန်းသည့်အလှူငွေ (၉၁၆၅၀၀၀)ကျပ် အား တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးကလည်းကောင်း၊ မြို့မိမြို့ဖ များမှ လှူဒါန်းသည့် သုတရသ စာအုပ်(၁၆၈၂) အုပ်အား မြို့မိမြို့ဖတစ်ဦးက လည်းကောင်း၊ မအူပင်မြို့နယ် မြို့မိမြို့ဖများမှ လှူဒါန်းသည့် သုတရသစာအုပ် (၁၆၈၁) အုပ်အား မြို့မိမြို့ဖ တစ်ဦးကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး လှူဒါန်းပေးအပ်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

10-Apr-2024