ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် မင်္ဂလာ ရဟန်းလောင်းနှင့်ရှင်သာမဏေလောင်းများပုသိမ်မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ဆံချမင်္ဂလာအခမ်အနားနှင့် ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား ရဟန်းလောင်းနှင့် ရှင်သာမဏေလောင်းများ ပုသိမ်မြို့တွင်းသို့ လှည့်လည်ခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် စုရပ်ပြုလုပ်၍ လှည့်ခဲ့ကြသည်။

ရှေးဦးစွာ ရဟန်းလောင်း(၁၄၆ )ဦးနှင့် ရှင်သာမဏေလောင်း(၅၆)ဦး၊ စုစုပေါင်း (၂၀၂)ဦးတို့အား သာသနာ့ဗိမာန်တော်ကြီးမှတဆင့် မဟာဗန္ဓုလလမ်း တစ်လျှောက်သို့ မော်တော်ယာဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရှင်လောင်းလှည့်လည်၍ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ဗောဓိညောင်ပင်တွင် ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား နတ်ပြခဲ့ပြီး စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တွင် စုပေါင်းဘုရားရှိခိုးပူဇော်ခဲ့ကြသည်။

ထိုမှတဆင့် ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းမှတဆင့် ဝန်ကြီးများအိမ်ရာသို့ စည်ကား သိုက်မြိုက်စွာ ရှင်လောင်းလှည့်လည်ခဲ့ပြီး သာသနာ့ဗိမာန်တော်ကြီးသို့ ပြန်လည်ပို့ဆောင် ခဲ့ကြသည်။ ထို့သို့ ရှင်လောင်းလှည့်လည်မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သာသနာ့ဗိမာန်တော်ကြီးတွင် ရဟန်းလောင်း များနှင့် ရှင်သာမဏေလောင်းများအား နံနက်စာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆံချပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်ပရိသတ်များ၊ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D(India) အရှင်သူမြတ်ထံမှ ငါးပါးသီခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြခဲ့ကြသည်။

ဆက်လက်၍ ဆံချမင်္ဂလာအခမ်းအနားအားပြုလုပ်ရာ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမများမှ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ဆံချမင်္ဂလာပြုလုပ်ပေးခြင်းအား ကြည်ညိုသဒ္ဒါပွားခဲ့ကြသည်။ ထို့နောက် ပဗ္ဗဇ္ဇမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်က ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်သို့ သွပ်သွင်းချီးမြှင့် ပေးခဲ့ပြီး အသီးသီးဘွဲ့များ ဆက်ကပ်ခဲ့ကြကာ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သိမ်တက်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအခမ်းအနားတွင် ရဟန်း(၁၄၆)ပါး၊ ရှင်သာမဏေ (၅၆)ပါး၊ စုစုပေါင်း (၂၀၂)ပါးအား မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။

09-Apr-2024