ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နှင့် Sport Collection Myanmar မှ ပူးပေါင်း ကျင်းပသော SCM U-15 Tournament Cup (ပုသိမ်မြို့) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နှင့် SCM Sport Collection Myanmar Company မှ ပူးပေါင်းကျင်းပသော SCM U-15 Tournament Cup (ပုသိမ်မြို့) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို (၆.၄.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် HINTADA(ဟင်္သာတ) FC ဘောလုံးအသင်းနှင့် NEW BLOOD FC ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ HINTADA FC ဘောလုံးအသင်းက NEW BLOOD ဘောလုံးအသင်းအား ငါးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ SCM U-15 Tournament Cup တွင် ပါဝင်ကူညီဆောင်ရွက်ပေးသော ဒိုင်လူကြီးများအား ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် နာယကက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီးနောက် တတိယဆုရရှိသည့် Ranger FC အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို SCM မန်နေဂျင်း ဒါရိုက်တာနှင့် ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်းကောင်း၊ အတိုးတက်ဆုံး ကစားသမားဆုရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ကလည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုနှင့် ရှေ့တန်းအကောင်းအကောင်းဆုံးဆုရရှိသည့် အားကစား သမားများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဂိုးသမားဆု ရရှိသည့် အားကစားသမားအား ဆုတံဆိပ်နှင့်ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် NEW BLOOD FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် HINTADA FC ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

07-Apr-2024