ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ (၅.၄.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအား လစဉ် ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြု ခွင့်ပြုပေးထား သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား စိစစ်တင်ပြသွားရန်လိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုပ်ငန်းတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့သောလုပ်ငန်းများသည် အကြောင်းကြောင်းကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်း၊ ကြန့်ကြာနေခြင်းများကို စိစစ်၍ပြန်လည် တင်ပြရန် လိုကြောင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိပါကလည်း ပေးအပ်ထားသည့် အတည်ပြုမိန့်များကို ပြန်လည်ရုပ်သိမ်း ရမှာဖြစ်ပါကြောင်း၊ ယနေ့တင်ပြလာသည့် လုပ်ငန်း များနှင့်ပတ်သက်၍ ကော်မတီဝင်များမှ အသေးစိတ်ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Power Pillar Company Lirmited က ကွန်ကရစ်တိုင်များထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Kumudra (Pathein) Garment Company Limited က CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာတင်ပြခြင်းကိစ္စနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ် လုပ်ငန်းဆောင်ရွက်ရန် အတည်ပြုမိန့်ရရှိထားသည့် Jewellery Teak Timber Company Limited က တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးအခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာစေရန်အတွက် အလားအလာကောင်းများကို ဆွေးနွေးခဲ့ပြီးကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

06-Apr-2024