ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း(မြို့နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက် စေရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက် ခဲ့သည့် ဆရာ၊ ဆရာမများမှ တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းကို ပို့ချခဲ့ပြီး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ပို့ချခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက်များကို သင်ကြားပြသပေးကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ (၈)ရက်နေ့မှ မေလ(၁၉) ရက်နေ့အထိ သက်ဆိုင်ရာ စခန်းအသီးသီးရှိ စာသင်ဝိုင်း (၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆) ဦးအား ဆရာ၊ ဆရာမ များက ရက်ပေါင်း(၄၀)ကြာ တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပြသပေးမည့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် စေတနာလုပ်အားပေး ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ပုသိမ်မြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်သင်ကြားပြသပေးမည့် ဆရာ၊ ဆရာမများ၊ စေတနာလုပ်အားပေး တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ညီလက်ညီဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြေခံစာတတ်မြောက်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း" အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

06-Apr-2024