ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအနှံ့အပြားတွင် နွေရာသီကျောင်းပိတ်ရက်ကာလ သင်္ကြန်ပွဲတော်မတိုင်မီ ယဉ်ကျေးလိမ္မာသင်တန်းများအား ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ် သင်ကြားလျှက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် (၇၅၄၃)ဦး၊ ယခုနှစ်တွင် (၅၀၇၀)ဦး တက်ရောက်လျက် ရှိပါကြောင်း၊ လူမျိုးတစ်မျိုး၏ အဆင့်အတန်းမြင့်မား တိုးတက်မှုကို တွက်ဆရာတွင် ယဉ်ကျေးမှုသည် မှတ်ကျောက်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဗုဒ္ဓဘာယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်း၏ ရည်ရွယ်ချက်များနှင့်အညီ ပို့ချပေးသော သင်ခန်းစာများကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာ ကျင့်သုံးကြရန် လိုအပ်ပါကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် သင်တန်း၏ရည်ရွယ်ချက်ကို အောင်မြင်စေရေးအတွက် သင်တန်းမှပို့ချမည့် သင်ခန်းစာများကို လေ့လာမှတ်သားပြီး မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက် ထိန်းသိမ်းပြီး ယဉ်ကျေးလိမ္မာ၍ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် နိုင်ငံသားကောင်းသမီးကောင်းများဖြစ်လာစေရန်အတွက် သင်ကြားပေးကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများပို့ချသော ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို စနစ်တကျလေ့လာသင်ယူပြီး နိုင်ငံနှင့်လူမျိုး အကျိုးကို သယ်ပိုးနိုင်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်အတွက် ရည်မှန်းပြီး ကြိုးစားသင်ယူ လေ့လာဆည်းပူးကြရန်တိုက်တွန်းလိုပါကြာင်း”အမှာစကား ပြောကြားသည်။

ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားရေးတာဝန်ခံက သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ယဉ်ကျေးလိမ္မာသင်တန်းအတွက် သင်ကြားရေးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ၊ သင်တန်းသား၊ သင်တန်းသူများက ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

05-Apr-2024