ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး တတိယအကြိမ် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားတက်ရောက်

ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး တတိယအကြိမ် အလှူတော်ငွေ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် စေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ထို့နောက် အလှူရှင်များက အလှူတော်ငွေ များအားလှူဒါန်းခဲ့ပြီး အလှူရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတအရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်များနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်တွင် ရွှေစင်ရွှေပြားများအား ကပ်လှူပူဇော်ခဲ့ပြီး စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညိုခဲ့ပါသည်။

01-Apr-2024