ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲရလဒ်များ အပေါ်ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲရလဒ်များအပေါ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲသူ၊ တင်ပို့သူနှင့်သွင်းအားစု အစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအပေါ် အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်၍ မိုးစပါးတစ်ဧကလျှင် ၁၀တင်းနှုန်းတိုးတက် ထွက်ရှိစေရေး ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ရာ မိုစပါး တစ်ဧကပျမ်းမျှအထွက်နှုန်း (၉)တင်းကျော်တိုးတက် ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ခုနှစ်မှ စတင်၍ ၂၀၂၅-၂၀၂၆ခုနှစ်အထိ (၃)နှစ်အတွင်းသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်လျက် ရှိပြီး စားသုံးဆီဖူလုံ စေရေးအတွက် နေကြာအပါအဝင်မြေပဲ၊နှမ်းစသည့်ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင်မြို့နယ်အလိုက် ၁၀ဧက စံပြကွက်များထူထောင် စိုက်ပျိုးခြင်းဖြင့် အောင်မြင်အောင်စိုက်ပျိုးနိုင်မှုများကို တောင်သူများမှ ပိုမိုသိရှိနားလည်းလာပြီဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချကိရိယာဖြင့် ပိုမိုစိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများရိတ်သိမ်း ပြီးဖြစ်၍ လာမည့်မိုးစပါးရာသီ ရေတော်မိုးတော် မိုးစပါးစိုက်ဧက (၂၇)သိန်းကျော်တွင် အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေး အစီအမံများ စနစ်တကျရေးဆွဲ ဆောင်ရွက်ရန်နှင့်မျိုးစေ့ထုတ်နိုင်ရေးအတွက်ပါ စုဆောင်းထားရှိရန်လိုပါ ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်ရောက်ရှိစေရေး၊ လုပ်ငန်းခွင်အမှန်တကယ်အသုံးပြုစေရေးနှင့် သတ်မှတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေးနှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေကြာ အောင်မြင်ဖြစ်ထွန်းရေးအတွက် ပျားမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များဖော်ထုတ်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို တက္ကသိုလ်အသီးသီးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပိုမိုကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်းနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆွေးနွေးပွဲရလဒ် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ရမည့် အစီအမံများစနစ်တကျရေးဆွဲ ဆောင်ရွက်နိုင်ရေးနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေး ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မွေးမြူရေးနှင့်ပတ်သက်သည့် ရလဒ်များအားလည်းကောင်း၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ငါးမွေးမြူရေးနှင့်ပတ်သက်သည့် ရလဒ်များ အားလည်းကောင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌအဖွဲ့များမှ သက်ဆိုင်ရာခရိုင်အလိုက်သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှု၊ စားသုံးဆီ ဖူလုံစေရေးဆောင်ရွက်နေမှုများအားဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ဝယ်ယူကြိတ်ခွဲ တင်ပို့သူနှင့်သွင်းအားစု အစုအဖွဲ့များမှ ဝယ်ယူကြိတ်ခွဲမှုဆိုင်ရာများအား ဆွေးနွေးတင်ပြမှု အပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်ဆည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

29-Mar-2024