ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတက်ရောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုကဲ့သို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို ကျင်းပခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန အဖွဲ့အစည်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်သူများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များကို သိရှိနားလည် နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ် နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်း တွင်လည်း ဂုဏ်သိက္ခာကျဆင်းမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများသည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသူများဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတား ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရန် ကျောသား၊ ရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အသိပညာပေးလုပ်ငန်း များအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများတွင် ကဏ္ဍစုံ၊ ထောင့်စုံမှ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နေသည် ကိုလည်းသိရှိရပါကြောင်း၊ ယခုအခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးကြရန်" တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ နည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများ၊ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပမှုများ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။

29-Mar-2024