ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဖွင့်လှစ်မည့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) သင်တန်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့ရှိ တည်းခိုခန်းမှကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးသည် ငွေဆောင်၊ ချောင်းသာကဲ့သို့ ထူးခြားသောကမ်းခြေများရှိခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များ၊ နှစ်စဉ် တိုးတက်ဝင်ရောက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာ လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၁၆)သိန်းကျော်ဝင်ရောက်တည်းခိုခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ (၂) လတာကာလမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည် (၃)သိန်းကျော်ဝင်ရောက်တည်းခိုခဲ့ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ နယ်မြေတည်ငြိမ် အေးချမ်းမှုရှိပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုရှိတာကြောင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေဟာ ကိုဗစ်ကာလအပြီး နောက်ပိုင်းမှာ သိသိသာသာပိုမိုတိုးတက်လျက်ရှိရာ ခရီးသည်ဝင်ရောက်မှုစာရင်းများ စနစ်တကျမှတ်တမ်းထားရှိရန်လိုအပ်ပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ နေ့စဉ်တည်းခိုကြတဲ့ ဧည့်သည်စာရင်းအချက်အလက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ Online မှတဆင့် လွယ်ကူလုံခြုံလျှင်မြန်စွာပေးပို့နိုင်ရေး ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ရယူထားသော ဟိုတယ်နှင့် တည်းခိုရိပ်သာများမှအသုံးပြုလျက်ရှိပါကြောင်း၊ ယခုအခါတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များမှ လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်နေသည့် တည်းခိုခန်းများတွင် တစ်ပြေးညီအသုံးပြုရေးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ မဖြစ်မနေသုံးစွဲရမည့် စနစ်ဖြစ်တဲ့အတွက် ယခုတက်ရောက်လာတဲ့ မြို့စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်း ကိုယ်စားလှယ်များအနေဖြင့် သေချာလေ့လာမှတ်သားပြီး မိမိမြို့နယ်ရှိ တည်းခိုခန်းများကို ပြန်လည်ဆင့်ပွား သင်တန်းပို့ချသွားရမှာဖြစ်ပါကြောင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံစိတ်ချရသည့် ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS) ကိုအသုံးပြုရင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး တက်ရောက်လာသူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများမှ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

29-Mar-2024