တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်ခဲ့

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ရွေပုသိမ်ဧည့်ရိပ်သာတွင် ပုသိမ်မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခြင်းသည် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုများအပေါ် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သန့်ရှင်းသာယာ လှပရေးအတွက်လည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးသည့် အတွက် ခရီးသွားများ သွားရေးလာရေးအဆင်ပြေစေရေး ရန်ကုန်-ပုသိမ်လမ်းမကြီးအား အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီးလမ်းပိုင်းများအလိုက် ပြုပြင်ခြင်းလုပ်ငန်းများ ကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယာဉ်လမ်းအသုံးပြုသူများမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ စနစ်တကျအသုံးပြုစေလိုပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်ပါက ဧရာဝတီတိုင်းဒေသကြီးသည် စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် နေကြာအပါအဝင် မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင်နေကြာစိုက်ပျိုးရေးလုပ်ငန်း များပိုမိုဖြစ်ထွန်းအောင်မြင်လာပါကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ထုတ်လုပ်သောပစ္စည်းများဖြစ်ရန် ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ထုတ်ပိုးစနစ်များပိုမိုကောင်းမွန်စေရေး၊ ရေရှည်အသုံးပြုနိုင်စေရေးနှင့် ပြည်တွင်းပြည်ပတင်ပို့ နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ပုသိမ်လေယာဉ်ကွင်းအား အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ပုသိမ်မြို့အဝင်လမ်းအား အဆင့်မီဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးမြေနေရာရှာဖွေခြင်းနှင့် ရေရှည် အသုံးပြုနိုင်စေရေး စဉ်းစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆားလုပ်ငန်းတောင်သူများ အတွက် ဆားပိုမိုထုတ်လုပ်နိုင်စေရေး၊ လုပ်ငန်းများပိုမိုအဆင်ပြေစေရေးနှင့် ချေးငွေများရရှိ နိုင်စေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးများအား တာဝန်ပေးဆောင်ရွက်ထားရှိပြီး ဘာသာရပ်အားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက် စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာအလိုက်၊ရပ်ကွက်အလိုက် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစား မဏ္ဍပ်များဆောက်လုပ်နိုင်စေရေးနှင့်ပြည်သူများအားလုံးပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများပိုမိုတိုတက်စေရေးနှင့် One Region One Product ထုတ်ကုန်များထုတ်လုပ်နိုင်စေရေး ဆွေးနွေးပေးကြစေလိုကြောင်း၊ စပါးခွံလောင်စာ အသုံးပြု၍ Gasifier၊ ဘွိုင်လာစနစ်များဖြင့် လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး စပါးခွံ ထွက်ရှိမှု၊ တိုင်းအတွင်းလုံလောက်စွာရရှိနိုင်မှုနှင့် တိုင်းပြင်ပထွက်ရှိမှု၊ စပါးခွံလောင်စာတောင့်များထုတ်လုပ်နိုင်မှုကြောင့် သစ်တောပြုန်းတီးမှု လျော့နည်းလာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့မိမြို့ဖများကလည်း မိမိတို့တိုင်းဒေသကြီး ဘက်စုံကဏ္ဍစုံ စနစ်တကျဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အကြံပြုဆွေးနွေးပေးကြရန် ” ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးများတွင် ပြည်သူများပူးပေါင်းဆောင်ရွက်မှု၊ မီးရထားလမ်း၊ ကားလမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ပုသိမ်မြို့ကမ်းနားလမ်း အဆင့်မြှင့်တင်ပေးနိုင်မှုကြောင့် ကမ်းနားလမ်းတစ်လျှောက်နှင့် ရေပေါ်ဈေး တို့တွင် ညနေပိုင်း အပန်းဖြေဈေးဝယ်သူများနှင့် စည်ကားနေမှုများ၊ ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်းမျာတိုးတက်လာမှုနှင့် ပြည်သူများ၏ လူမှုစီးပွားများတိုးတက်လာမှုအခြေအနေများ၊ စပါးခွံထွက်ရှိမှု၊ တိုင်းပြင်ပထွက်ရှိမှု အခြေအနေ များ၊ စွန့်ပစ်အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပုသိမ်မြို့ရှိဈေးများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးဆွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

28-Mar-2024