တိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံးများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသည့် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးသို့ သွားရောက်ခဲ့ပြီး မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေဆုံခဲ့ကာ မုန်တိုင်းဦးတည်ရာလမ်းကြောင်းနှင့်အန္တရာယ်ကျရောက်နိုင်မှုအခြေအနေများနှင့် ထိခိုက်ပျက်စီးမှု မရှိစေရေး ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအား ရပ်ကျေးအဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး မြေပြင်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊ အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့သည်

ထို့နောက် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး အနေကဇာဆောင်တွင် မုန်တိုင်းရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်၊ လိုအပ်သည်များအား ရေတပ်စခန်းဌါနချုပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ကူညီဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့ပြီး ရင်ပြင်တော်အတက်လှေကားဆောက်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ မိုးမကျမီပြီးစေရေး၊ ဆောက်လုပ်ရေသုံးပစ္စည်းများ အမိုးအကာများအောင်တွင်လုံခြုံစွာထားရှိစေရေးမှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများအားတွေ့ဆုံအားပေးခဲ့ကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးခဲ့ပြီး မုန်တိုင်းရှောင်ပြည်သူများအား စားသောက်နေထိုင်ရေးကိစ္စများ အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။

12-May-2023