ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံံ့ဆောင်ရွက်ပေးနိုင်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊  ခရိုင်အလိုက်ကြိုတင်ပြောင်းရွှေ့ရန်လိုအပ်သည့်နေရာဒေသများသို့ ရှေ့ပြေးအဖွဲ့များ စေလွှတ်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာနေရာများသို့ ရောက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ စဉ်ဆက်မပြက်တင်ပြပေးရန်လိုပါကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသများရှိ ပြည်သူများကြိုတင်ပြောင်းရွှေ့ပေးထားကြရမှာဖြစ်ပြီး တစ်ပါးထိုင်ဘုန်းတော်ကြီးကျောင်းများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များဦးစားပေးပြောင်းရွှေ့ထားရန်လိုပါကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်နှင့် မုန်တိုင်းနှင််ပတ်သက်သည့် ထိခိုက်ပျက်စီးမှုများအားမှတ်တမ်းထားရှိဆောင်ရွက်ရန်”ပြောကြားခဲ့သည်။

11-May-2023