ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ် (၁/၂၀၂၂) ဒုတိယနှစ်သင်တန်းကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်း ကြိုဆိုပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူဆရာဆရာမများတက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဆရာများ ခံယူအပ်သော သစ္စာဒိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်၍ စံနမူနာပြတိုင်းဒေသကြီးတစ်ခုဖြစ်ပြီးအခြေခံပညာကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊  ဆရာကြီး၊ ဆရာမကြီးများသည်  လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကြိုးကိုယ်ကျိုးမဖတ် ဆောင်ရွက်တက်သူများဖြစ်ကြပါကြောင်း၊ ဆရာကြီးဆရာမကြီးများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ မိမိတို့တာဝန်ကျသည့်ကျောင်းများတွင် လိုအပ်ချက်များရှိပါကလည်း တင်ပြကြရန်၊ သင်တန်းပြီးဆုံး၍ ပညာရေးဘွဲ့ BED ရရှိပြီးပါက ပညာရေးစနစ်သစ်၏ အခြေခံပညာအထက်တန်းအဆင့်တွင် ဘာသာရပ်များအလိုက်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍကိုမြှင့်တင်ပေးကြသည့် အားကိုးအားထားရသည့် ဆရာကြီးဆရာမကြီးများဖြစ်ကြပါစေကြောင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား သင်တန်းသူများမှ မြို့နယ်အလိုက် သင်တန်းတက်ရောက်မှုအခြေအနေ များတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးတွေ့ဆုံအးပေးခဲ့ပါသည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဥ်(၃/၂၀၂၃)ပထမနှစ်တွင် ၃၄၉ ဦးနှင့် အမှတ်စဥ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်းတွင် ၃၃၉ ဦး စုစုပေါင်း ၆၈၈ဦး တက်ရောက်လျှက်ရှိကြောင်းသိရသည်။

08-May-2023