ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိ၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်(၆) သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုသင်တန်းသည် အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ မိသားစုအား အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဥ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ခေတ်နှင့်လျှော်ညီသော စက်ချုပ်ဘာသာရပ်များ၊ လက်မှုဘာသာရပ်များ၊ မုန့်လုပ်နည်းဘာသာရပ်များအပြင် အသိပညာပေးဆွေးနွေးမှုများကိုလည်း သင်ကြားပို့ချပေးလျှက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ပညာသင်ကြားစဥ်တွင် အချိန်ကိုအကြိုးရှိစွာအသုံးချရန်၊ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းကရရှိသည့် အသက်မွေးဝမ်းကျောင်းပညာနှင့် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြရန်အတွက် သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီးနောက် သင်တန်းသူများအတွက် ​ထောက်ပံ့​ငွေများ​ပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ပို့ချမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ကာ သင်ထောက်ကူပစ္စည်းများနှင့် ​လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ပါသည်။

08-May-2023