ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed)စာပေးစာယူသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူသင်တန်း ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

ဦးစွာ သင်တန်းသား၊သင်တန်းသူများက  မြောင်းမြပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် " ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုအားကောင်းသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ကြောင်း၊ ပညာရေးဘွဲ့ တက်ရောက် ကြသည့် ဆရာကြီး၊ဆရာမကြီးအတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများ၊ တပည့်သားသမီးများအား တတ်သိလိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊  စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရန်နှင့်အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေးစနစ်တွင် ပြီးပြည့်စုံစေရေး ဆရာ၊ ဆရာမများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် စွမ်းဆောင်ရည့်မြှင့်သင်းတန်းများ၊ မွမ်းမံသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကိုလည်း ဆောင်ရွက် အားဖြည့်ပေးလျှက်ရှိပါကြောင်း၊ နည်းပညာများတိုးတက်ပြောင်းလဲလာသည့်အတွက် လည်း ဆရာ၊ ဆရာမများအနေဖြင့် အမြဲတမ်းလေ့လာမှတ်သားနေရမှာဖြစ်ကြောင်းနှင့်  တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၅ ဦးနှင့် ပထမနှစ် (၃/၂၀၂၃)သင်းတန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၁၉၁ ဦး တက်ရောက်လျက်ရှိပါသည်။

08-May-2023