ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ကြည်ညိုပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်၊ပိန္နဲကွင်းကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ဆရာတော်ကြီးအား အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပိန္နဲကွင်းကျောင်းတိုက်၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဩဝါဒစရိယဆရာတော်ကြီးများ၊မဟာဒွါရနိကာယ ဒုတိယသာနာပိုင် ဆရာတော်ကြီးနှင့် သံဃနာယကဆရာတော်ကြီးများအမှူးပြုသော ဆရာတော် သံဃာတော်များအား ဓမ္မာရုံသို့ပင့်ဆောင်ခဲ့ကြပြီး လယ်ယာကျောင်းဆရာတော်မှ ပလ္လင်တော်ပင့်အခါတော်ကြားဂါထာအား ရွတ်ဖတ်ပူဇော်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးအား ဓမ္မာရုံတော်သို့အကျိုးတော်ဆောင် သာသနာတော်ထုံးတမ်းအစဉ်အလာနှင့်အညီ ဆက်လက်ပင့်ဆောင်ခဲ့ကြပြီးနောက် အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ကြံခင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မဟာဒွါရ)အဂ္ဂမဟာကမ္မဌာနစရိယ ကန်ကလေးတောရဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သက်တော်ရှည် ဆရာတော်ကြီး(၃)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်း  ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ထပ်ဆင့်ဆက်ကပ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိန္နဲကွင်းဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ရှောက်ခုံကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ရှောက်ခုံကျေးလက်ကျန်းမာရေးဌာနခွဲသို့သွားရောက်၍ လျှပ်စစ်မီးအားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးပေးခန်းနှင့်ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

06-May-2023