ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာ‌ပေးစာယူ ဒုတိယနှစ်နှင့် ပထမနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ရာ သင်တန်းသား၊သင်တန်းသူများက  “ကြိုဆိုလက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က " ပညာရေးဘွဲ့(B.E.D) သင်တန်းအား သင်တန်းတက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ  ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊  စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍ ကိုတိုးတက်အောင်မြှင့်တင်ကြရမှာဖြစ်သလို ပညာတတ်များဖြင့်သာ နိုင်ငံတော်ကိုတည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ နည်းပညာနှင့် လူစွမ်းအား အရင်းအမြစ် လိုအပ်ချက်ကြောင့်ကျောင်းနေအရွယ်ကလေးတိုင်းKG+9ပြီးသည်အထိ ပညာသင်ကြားနိုင်ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေး နှင့် အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အသက်မွေးဝမ်းကျောင်း ပညာကျောင်းများကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၊သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအနေဖြင့်  ဆရာ့ တာဝန် နှင့် အညီ စာတော် ၊ စာတတ်ရုံသာမက ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းသည့် တပည့်များဖြစ်အောင် သွန်သင်ဆုံးမ ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်”တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၀ဦးနှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၉ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

05-May-2023