(‌၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ဂုဏ်ပြုစစ်ရေးပြတပ်ခွဲက အလေးပြုပြီးနောက် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များအား အလေးပြုခြင်းနှင့် မီးသတ်တပ်ဖွဲ့ သစ္စာဓိဌာန်(၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် ရေဘေး၊လေးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း တည်ဆောက်ခဲ့တာဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် အစီအမံများ စနစ်တကျချမှတ်လုပ်ဆောင်ခဲ့သည့်အပြင် တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ် လုပ်ကိုင်နေကြတာ တွေ့ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကိုလက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလမျှော်မှန်းပြီးအသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equipment Power နှင့်Technology Power တွေကို ဟန်ချက်ညီအောင် တည်ဆောက်သွားရမှာဖြစ်ပါ‌ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(၁)ရုံး၊ ခရိုင်မီးသတ်စခန်း(၅)စခန်း၊ မြို့နယ်မီးသတ်စခန်း(၂၆)စခန်း၊ နယ်မြေမီးသတ်စခန်း (၄၀)စခန်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အင်အားမှာလည်း (၁၁၂၁)ဦးထိ ရှိလာခဲ့ပြီးဖြစ်ပါကြောင်း၊ ခေတ်မီလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်း ကိရိယာများကို နှစ်အလိုက်ဖြည့်တင်းဆောင်ရွက်လျက်ရှိရာမှာ မီးသတ်ယာဉ်/စက်အင်အား (၂၇၆)စီးအထိ ဖြည့်တင်းနိုင်ခဲ့ သလို ပိုလန်နိုင်ငံ၏ Official Development Assistance - ODA အစီအစဉ်နှင့် ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပိုလန်မီးသတ်ယာဉ်(၂)စီးကိုလည်း ဖြည့်တင်းပြီးအသုံးပြုလျက် ရှိပါကြောင်း၊အထူးသဖြင့် မီးသတ်သမားတပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိအသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားသည့် ဂုဏ်ဒြပ်ကို ယနေ့ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့မှာ အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြပါစို့ဟု” ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂုဏ်ပြု စစ်ရေးပြတပ်ခွဲမှ အလေးပြုပြီး တန်းဖြုတ်ထွက်ခွာခဲ့ကြသည်။ 

ဆက်လက်၍  အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၏  ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုးဆင်း/ကူးနည်းသရုပ်ပြခြင်း၊ Valley Rescue သရုပ်ပြခြင်း၊မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသခြင်းနှင့် ဆီသိုလှောင်ကန် မီးလောင်မှုအား သရုပ်ပြငြိမ်းသတ်ခြင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ကြည့်ရှုအားပေးခဲ့ ကြသည်။ ထို့ နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။

05-May-2023